“အမျိုးသမီးများ ရဟန်းတော်တို့၏သင်္ကန်း လျှော်သင့်မလျှော်သင့်အဖြေ”

အမျိုးသမီးများ ရဟန်းတော်တို့၏သင်္ကန်း လျှော်သင့် မလျှော်သင့်အဖြေ

အမျိုးသမီးများ သင်္ကန်း မလျှော်အပ်ကြောင်း ဟုတ် မဟုတ် အဖြေ.. မေး ။ အရှင်ဘုရား ဘာသာရေး စာစောင်တစ်ခုတွင် ရဟန်းတို့၏ သင်္ကန်းတို့ကို မာတုဂါမများ မလျှော်အပ်ကြောင်း တွေ့ရပါသည် ။

ဟုတ် မဟုတ်နှင့် အကျိုး အပြစ်တို့ကို သိလိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား ။ (အေးမွန်ကျော် ၊ နမ္မတီး) ဖြေ ။ မာတုဂါမများ သင်္ကန်း မလျှော်ရဟု စာပေတိုက်ရိုက် မရှိပါ ။

အမြင်မလျှော် မသင့်တော်၍ ပြောခြင်း ဖြစ်ဟန်တူပါသည် ။ ပါတိမောက်သိက္ခာပုဒ်တွင် ဆွေမျိုး မတော်သော ဘိက္ခုနီအား သင်္ကန်းဟောင်းကို ဖွတ်လျှော် မခိုင်းအပ်ဟူသော သိက္ခာပုဒ်သာရှိပါသည်။

သာမဏေရီမ လူမိန်းမတို့နှင့် မဆိုင် ။သာမဏေရီ သိက္ခမာန် (ရဟန်းမလောင်း) အား သင်္ကန်းဟောင်းကို ဖွတ်လျှော်ခိုင်းလျှင် တိုအပ်သေးသည် ။ ၎င်းတို့ ရဟန်းမ (ဘိက္ခုနီမ) ဖြစ်မှ လျှော်လျှင် မအပ် ။

နိဿဂ္ဂိယပါစိတ်နှင့် ဒုက္ကဋ်အာပတ် သင့်သည်ဟု ပါတိမောက်တွင် ဆိုသည် ။ကုသိုလ်လို၍ ဒကာမ (မာတုဂါမ) အမျိုးသမီးများက ရဟန်းတော်တို့၏ သင်္ကန်းတို့ကို ဖွတ်လျှော် ပေးလိုပါသည်ဆိုပါက မတားမြစ်ထိုက် ။

လျှော်ဖွတ်ပေးခြင်းကြောင့် လျှော်ဖွတ်သူမှာလည်း ကုသိုလ်ဖြစ်ပါသည် ။ သို့သော် သင်္ကန်းကို နင်း၍ ရိုက်၍ လျှော်ဖွတ်ရန်ကား မလုပ်အပ်ကြောင်း သတိပြုသင့်ပါသည် ။ ရဝေထွန်း (ဆရာတော်ဦးတိလောကသာရ)

Add a Comment

Your email address will not be published. Required fields are marked *