အတန်းထဲက ကျောင်းသား တစ်ယောက်ရဲ့ စာစီ စာကုံးတစ်ပုဒ်ကြောင့် မိသားစု တစ်စုလုံး ရင်နာမဆုံးဖြစ်ခဲ့ရတဲ့ နောင်တ

အတန်းထဲက ကျောင်းသား တစ်ယောက်ရဲ့ စာစီ စာကုံး တစ်ပုဒ်ကြောင့် မိသားစု တစ်စုလုံး ရင်နာမဆုံးဖြစ်ခဲ့ရတဲ့ နောင်တ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကျွန်မ မနေ့က ကလေးတွေကို စာစီစာကုံးတစ်ပုဒ်ရေးခိုင်းလိုက်သည်။ ခေါင်း စဉ်က ရိုးရိုးလေးဖြစ်ပါသည်။ “ဘဝတွင်အဖြစ်ချင်ဆုံးအရာ” ဆိုသည့် ခေါင်းစဉ် ဖြစ် သည်။

“ဆရာမ … ကိုယ်ဘာဖြစ်ချင်ချင် … ဖြစ်ချင်တာကို ရေးခဲ့လို့ရသလား” ကလေးတစ်ယောက်က ထမေးခြင်းဖြစ်သည်။ ကျွန်မက “ရတာပေါ့ကွ … ကိုယ်ဘာဖြစ်ချင်သလဲ ဖြစ်ချင်တာကို ရေးခဲ့လို့ရတယ်” ကလေးတွေ ပျော်သွားကြသည်။

တစ်ယောက်တစ်ခွန်း အော်ဟစ်ကာ ကျောင်းမှ ပြန် သွားကြသည်။ “ငါက နတ်သမီးလေးဖြစ်ချင်တယ်” “ငါက ဆရာဝန်ကြီး ဖြစ်ချင်တယ်” “ငါက ဘတ်စ် ကားမောင်းမယ်”ကလေးတွေ တစ်ယောက်တစ်ခွန်းပြောသွားသည့် စကားသံများက ကြည်နူးစရာ ကောင်းလှသည်။

မနက်ဖြန် ဆိုလျှင် ကျွန်မ သူတို့ရင်ဘတ်လေးတွေထဲကို မြင်ရတော့မည်။ နောက်တစ်နေ့ ကျောင်းတွင် အ ခြားဘာသာရပ်များ စစ်ဆေးနေသဖြင့် သူတို့ရေးထားသော စာစီစာကုံးများကို မစစ်မိ။

ကျွန်မက သူတို့စာအုပ်လေးတွေကို အိမ်ယူလာပြီး စစ်ဆေးနေမိသည်။ ညဥ့်နက်သည်အထိ ကျွန်မ ခင်ပွန်းက မအိပ်နိုင်သေးပါ။ သူက ဖုန်းထဲကို စိုက်ကြည့်နေသည်။ သမီးကြီးနှင့် သားကြီးလည်း ထို့အတူဖြစ်သည်။

“မောင်” “ဘာလဲကွာ” “ဒီမှာ လာကြည့်စမ်းပါဦး” “နေပါကွာ … ဒီမှာ စာဖတ်နေတယ်” “အဲဒါထားလိုက်ပါ … ကျွန်မ အတန်းက ကလေးတစ်ယောက် ရေးထားတဲ့ စာစီစာကုံး ကောင်းလွန်းလို့ လာဖတ်ကြည့်စမ်းပါအုံး။ နပါဦးကွာ အရေးကြီးလို့ပါ။ … လာပါ … ဖတ်ကြည့်ပါဦး” “ကဲ … မင်းပဲ ဖတ်ပြတော့။

ဒါဆိုနားထောင်” “ကျွန်တော့်ဘဝတွင် အဖြစ်ချင်ဆုံးအရာ” ကျွန်တော်သည် ဖုန်းလေးတစ်လုံး အလွန်ဖြစ်ချင်သည်။ ကျွန်တော့်အိမ်တွင် မိသားစုအားလုံး ပြန်ဆုံလျှင် ဖုန်းလေးတွေ ကိုယ်စီနှင့်ဖြစ်သည်။ ဖေဖေကလည်း ဖုန်းနှင့်၊ မေမေကလည်း ဖုန်းနှင့်၊ ကိုကိုကလည်း ဖုန်းနှင့်၊ မမကလည်းဖုန်းနှင့် မျက်နှာမခွာဖြစ်နေကြသည်။

ကျွန်တော်က ဖေဖေ့ကို စက်ရုပ်ကားလေးဝယ်ခိုင်းချင်နေသည်။ ဖေဖေ့ကို ပြောမည်ဟု ပြင်လိုက်သောအခါ လက်ကာပြသည်။ ဖေဖေက ဖုန်းထဲကို အာရုံစိုက်နေသည်။ မေမေ့ကို အင်္ကျီကြယ်သီးပြုတ်နေသည်ကို တပ်ခိုင်း ချင်သည်။

မေမေက ဖုန်းကိုကြည့်ရင်းက မနက်မှ တပ်ပေးမည်ဟုအော်သည်။ ကိုကိုကလည်း ဘောလုံးကန်ရန် သွားပြောသည့်အခါ ဖုန်းကိုကြည့်ပြီး ရယ်နေသည်။ မမကလည်း ထမင်းဆာပြီဟု ပြောရာ ဖုန်းကို ကြည့်ရင်း ခေါင်းခေါက်လွှတ်လိုက်သည်။သူတို့အားလုံး ဖုန်းကိုချစ်သည်။ ဖုန်းနှင့်မျက်နှာ မခွာနိုင်လောက်အောင်ဖြစ်နေကြသည်။

သူတို့က ကျွန်တော့် မျက်နှာထက် ဖုန်းမျက်နှာကိုကြည့်ပြီး ပြုံးနေကြသည်။ ထို့ကြောင့် ကျွန်တော့်ဘဝတွင် အဖြစ်ချင်ဆုံး အရာကို ပြောပါဆိုလျှင် ဖုန်းလေးတစ်လုံးဖြစ်ချင်မိသည်။ သို့မှာသာ ကျွန်တော့်ကို သူတို့အားလုံး ဝိုင်းကြည့်မည်ထင် သည်။

“ဟယ်” ဖေဖေက ဖုန်းကို ချလိုက်သည်။ သမီးနှင့် သားကလည်း ဖုန်းကမျက်နှာကိုခွာပြီး ကျွန်မကိုကြည့်သည်။ “ကောင်းလိုက်တာ … မင်းအတန်းက ကလေး ဘယ်ဆိုးလို့လဲ တော်လိုက်တာ။ စာရေးတာ ညက်နေတာပဲ။

အဲဒီ ကလေးကို အမှတ်ကောင်းကောင်း ပေးလိုက်ပေါ့” ကျွန်မ ငိုချလိုက်မိသည်။ အားလုံးက ကျွန်မကို နားမလည်စွာဖြင့် ကြည့်နေကြသည်။

“အဲဒါ ဘယ်သူထင်လဲ … အဲဒါ ဘယ်သူလို့ ထင်လို့လဲ” “ဘယ်သူလဲ” “ကျွန်မတို့ သားငယ်လေးရှင့် … သားငယ်လေးရေးထားတဲ့ စာစီစာကုံး” “ဟာ” သားငယ်လေးက ထိုင်ခုံပေါ်တွင် ကွေးကွေးလေး အိပ်ပျော်နေရှာသည်။ (I want to be a phone ကို ဆီလျော်အောင် ဘာသာပြန်ပါသည်)

Tags:

Add a Comment

Your email address will not be published. Required fields are marked *