ရွာလုံးကျွတ်လူတွေအကုန်လုံး ငါးဖြစ်သွားတယ်ဆိုတဲ့ ဒေါင်ဒင်အင်းအကြောင်း

ရွာလုံးကျွတ် လူတွေအကုန်လုံး ငါးဖြစ်သွားတယ်ဆိုတဲ့ ဒေါင်ဒင်အင်းအကြောင်း

“ဒေါင်ဒင်အင်း” ဆိုတာ ထရံတောင် မြောက်ဘက် သရက်ကုန်းရွာနဲ့ ကွက်စပ်ရွာ နားမှာရှိတယ်။ နှစ်စဉ် တပေါင်းလပြည့်တိုင်း အင်းဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတယ်။ သွားမယ်ဆိုရင် မော်လမြိုင် ကျိုက္ခမီနဲ့ သင်္ဘောဆိပ်ကနေ

ချောင်းနှစ်ခွကို သင်္ဘောနဲ့ လာခဲ့လိုက်ပါ။ ချောင်းနှစ်ခွကနေ ခြေလျှင်လျှောက် ရင်တောင် ဒေါင်ဒင်အင်းကို ရောက်ပါတယ်။ ဒေါင်ဒင်အင်း လေလံဖွင့်ပွဲကို ကရင်၊ ဗမာ နှစ်ဘာသာနဲ့ ကြေညာပေးရတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်တွေရော၊

လှေထိုးသား ငါးဖမ်းသမားတွေပါ ကရင်နဲ့ဗမာတွေမို့ပါ။ လေလံရတဲ့ လှေထိုးသား တံငါသည်တွေဟာ အချင်းချင်းရန် သတ်လို့မရ၊ တစ်ခုခု ကတောက်ကဆဖြစ်ခဲ့ရင် အဲဒီနေ့မှာ ငါးတ စ်ကောင်မှ ဖမ်းလို့မမိတော့ပါဘူး။ အဲဒါကြောင့်လည်း သူတို့ လှေထိုးသား

တံငါသည်တွေ အချင်းချင်း ဘယ်တော့မှ စကားမများကြတော့ဘူး။တိုင်းရင်းသားတွေ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ငါးဖမ်းကြတာ တွေ့ရပါလိမ့်မယ်။ ငါးဖမ်းကြပြီဟေ့ဆိုရင်လည်း တစ်နေ့လုံးမှ ငါးတစ် မျိုးတည်းကိုသာ ဖမ်းမိကြတယ်။

တစ်ရက်မှာ ငါးတစ်မျိုးတည်း ပေါ်တာဆိုပါတော့။ အရင်ဆုံး ဖမ်းမိတဲ့ငါးတွေက တစ်ဆင့်ထက် တစ်ဆင့်သိသိသာသာ သေးငယ်သွားတာကတော့ အင်မတန်ထူး ဆန်းပါတယ်။ ဒီထက်ထူးဆန်းတာတွေက ဒေါင်ဒင်အင်းမှာ အများကြီးရှိတယ်။

ဖမ်းမိတဲ့ ငါးအကောင်ကြီးတွေရဲ့ ဝမ်းဗိုက်တွေထဲမှာ မီးသွေးခဲ တစ်ခဲစီ တွေ့ရတတ်တယ်။ ဒါ့အပြင် ရေပူတွင်းနှ စ်တွင်းလည်း ရှိသေးတယ်။ တချို့ အဲဒီရေပူကို အအေးခံပြီး ရေချိုးကြတယ် ရောဂါဘယကင်း ဝေးတယ်လို့ ယုံကြည်ကြလို့ပါပဲ။

တစ်ချို့ဆိုရင် ကော်ဖီဖျော်သောက်ကြ တာတွေလည်းရှိတယ်။တကယ်တော့ အဲဒီလို ထူးခြားဆန်းပြားတာတွေရဲ့ နောက်ကြောင်းမှာ သံဝေဂရစရာ၊ ရင်နင့်စရာတွေ ရှိနေပါတယ်။ ဒေါင်ဒင်အင်းကြီးဟာ ပြစ်ဒဏ်သင့်နေတဲ့ လူကောင်းတွေ ဒုက္ခရောက်ကြရတဲ့

နေရာဒေသ၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားရတဲ့ အဖြစ်အပျက်တစ်ခု ဒေါင်ဒင်အင်းကြီးမှာ ရှိခဲ့တယ်။ အဲဒီအင်းကြီးရဲ့ ရာဇဝင်အရ ယခုဒေါင်ဒင်အင်းကြီးဟာ ရဟန္တာတစ်ပါးကို ပြစ်မှားစော်ကားခဲ့လို့ ပြစ်ဒဏ်ပေးခြင်းခံထားရတဲ့ ယခင်က မင်းနေပြည် တော်ကြီးပါပဲ။

ဒီရာဇဝင်ရဲ့အစကတော့ တစ်ခါတုန်းက လူတစ်ယောက်ဟာ သူ့မိသားစုကို ကောင်းရောင်ကောင်းဝယ် ရှာမကျွေးဘဲ ရဟန်းအယောင်ဆောင်ကာ ရှာကျွေးပါသတဲ့။ တစ်ရက်မှာတော့ သူလုပ်ဆောင်နေကျအတိုင်း မြို့ထဲဝင်ပြီး ဆွမ်းခံတာကို ဘုရင်ကြီးတွေ့သွားခဲ့ပါတယ်။

ပထမရက်မှာတော့ ရဟန်းအတုမှန်း မသိတဲ့အတွက် ဘုရင်ကြီးမှာ ရဟန်းအတုကို ကြည်ညိုသွားပါတယ်။ ဒါနဲ့ဘယ်မှာ သီတင်းသုံးသလဲ ကျောင်းသင်္ခန်း ပစ္စည်းလေပါး လှူဒါန်းရအောင် အမတ်တစ်ဦးကို မသိမသာ စေလွှတ်ပြီး စုံစမ်းခိုင်းစေပါတယ်။

အမတ်ကြီးလည်း ရဟန်းအတုနောက်က နောက်ယောင်ခံ လိုက်ကြည့်တဲ့အခါ ရဟန်းအတုမှန်း သိသွားခဲ့ပါတယ်။အမတ်ကြီးက ဘုရင်ကြီးကို အမှန်အတိုင်းလျှောက် တင်လေသော် ရဟန်းအတုနဲ့တကွ သူ့မိသားစုပါ မင်းပြစ်မင်းဒဏ် ကျခံရတော့မှာပဲလို့ သနားစိတ်နဲ့ အမှန်အတိုင်း မလျှောက်တင်ဘဲ

တောထဲတွင် ပျောက်ကွယ်သွားပါတယ်လို့ လျှောက်လိုက်ပါတယ်။သူအဲဒီလို လျှောက်တင်လိုက်တော့မှ ဘုရင်ကြီးခမျာ သဒ္ဓါစိတ်တွေပိုလာပြီး တခြားအမတ် တစ်ယောက်ကို ရအောင်စုံစမ်းခိုင်းလိုက်တဲ့အခါ အမှန်အတိုင်း သိသွားခဲ့ပါတယ်။

ဘုရင်ကြီးကလည်း သူ့မိသားစုကိုပါ မထိခိုက်စေလိုတာရယ်၊ ရဟန်းအတုကို နောင်တရ စေလိုတာရယ်ကြောင့် အမိန့်တစ်ခုကို မောင်းကြေးနင်းခတ်ကာ ထုတ်ပြန်လိုက်ပါတယ်။ အမိန့်က ရဟန်းတွေကို ဆွမ်းအစား တံတွေးလောင်းရမယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို ရဟန်းအတုက အရင်ဆုံးကြားသွားပြီး အခြားတစ်မြို့တစ်ရွာကို ထွက်ပြေးသွားပေမယ့် ရဟန်းအစစ်တစ်ပါးဟာ မြို့ထဲဆွမ်းခံကြွလာပါတယ်။ ဒီအခါမှာ တိုင်းသူပြည် သားတွေက ဘုရင့် အမိန့်အတိုင်း ဆွမ်းမလောင်းဘဲ တံတွေးတွေ သပိတ်ထဲ ဝိုင်းထွေးကြပါတော့တယ်။

ရဟန်းလည်း ဆွမ်းမရတဲ့အဆုံး မြို့ပြင်ဘက် ဆက်ကြွသွားလိုက်ပါတယ်။ မြို့ပြင်မှာ ဘုရင့်နန်းတော်ကို ပန်းဆက်ရတဲ့ ရှင်ဘုရင်ပိုင် ဥယျာဉ်တစ်ခုရှိပါတယ်။ ဥယျာဉ်မှူး ဇနီးမောင်နှံဟာ မောင်းကြေးနင်း ခတ်ထားတာကို မသိလေတော့ ဆွမ်းလောင်းဖို့ သပိတ်ကိုယူလိုက်တဲ့အခါ

အမှတ်မထင် တံတွေးတွေကို တွေ့လိုက်ရတော့ အံ့ဩ တုန်လှုပ် သွားခဲ့ကြပါတယ်။ စိတ်မကောင်းခြင်းကြီးစွာနဲ့ သပိတ်ကိုယူ ဆေးကြောသန့်စင်ပြီး ရေတွေကို မြေပေါ်သွန်ချ လိုက်တဲ့အခါ ရေတွေဟာ ဆူပွက်လာပြီး တွင်းငယ်ဖြစ်သွားပါတယ်။

နှစ်ခါသွန်လိုက်မိတဲ့အတွက် တွင်းငယ်နှစ်တွင်း ဖြစ်နေပြီး ရေတွေဆူပွက်နေတာကို ထိတ်လန့်အံ့ဩစွာ ငေးကြည့်နေမိကြရင်း သတိလွတ်နေကြတယ်တဲ့ ။အဲဒီအချိန်မှာ ရဟန်းတော်က သတိပေးလိုက်ပါတယ်။

“ဒကာကြီးတို့၊ ဤအရပ်ဒေသဟာ တစ်ပတ်အတွင်း ပြစ်ဒဏ်ပေးခံရတော့မယ်၊ ဒကာကြီးတို့မောင်နှံ အမြန်ဆုံးထွက်ခွာကြလေတော့” လို့ မိန့်မှာပြီး ကောင်းကင်ခရီးကို ဈာန်နဲ့ကြွသွားတော်မူခဲ့ပါတယ်။ ဒီအခါမှ ဥယျာဉ်မှူး ဇနီးမောင်နှံတို့ဟာ ရဟန္တာပဲလို့ သိလိုက်ကြတယ်။

အဲဒီနောက် သူတို့က ဘုရင့်အတွက် အကျိုးအကြောင်း စာတစ်စောင် ခြံဝင်းထဲမှာထားခဲ့ပြီး အမြန်ဆုံးခရီးနှင်ခဲ့ ကြပါတယ်။ ရှင်ဘုရင်က ပန်းဆက်မလာတဲ့ ဥယျာဉ်မှူးဆီ လူလွှတ်လိုက်တဲ့အခါ စာကိုတွေ့သွားပါတယ်။ မှားလေစွလို့ နောင်တကြီးစွာရလေပြီ။ ပြစ်ဒဏ်မကျ ရောက်ခင် ဒီအရပ်ကနေ စွန့်ခွာဖို့

အမြန်ဆုံးစီစဉ်ပြီး ဆင်တပ် မြင်းတပ် ၊ ဗိုလ်ခြေများစွာခြံရံလို့ ထွက်ခွာလာခဲ့တဲ့အခါအခု လမုအိ၊ လမုအိုက် ဘုရားအနီး အရောက် ငလျင်တော်လဲ မြည်ဟီးသံတွေနဲ့အတူ နန်းတော်ကြီးရော သက်ရှိများပါ မကျန် အကုန်ဝါးမျိုပစ်လိုက်ခြင်း ခံရပါတော့တယ်။

ဒီအကြောင်းကို ဥယျာဉ်မှူးဇနီးမောင်နှံတို့ ကြားသိလိုက်ရချိန်မှာ မုဒုံကန်တော်ကြီးအနီး ရင်ကွဲနာကျကာ သေပွဲဝင်ခဲ့ရရှာပါတယ် အခုသူတို့မောင်နှံဟာ မုဒုံကန်တော်ကြီးမှာ စောင့်နေကြတယ်လို့ ဒေသခံတွေ ဆိုတယ်။ ပထမဦးဆုံးဖမ်းမိတဲ့ ငါးကြီးကြီးတွေက ဘုရင်ကြီးနဲ့ သူ့မိသားစုဝင်တွေ၊

နောက်ဆုံးရက် တွေမှာမိတဲ့ ငါးတွေကတော့ တိုင်းသူပြည်သားတွေ ပြစ်ဒဏ်ခံနေကြရတာလို့ ယုံကြည်ကြပါတယ်။ ဒီအဖြစ်အပျက်တွေက ပါးစပ်ရာဇဝင် ဆိုပေမယ့် ဂမ္ဘီရဆန်ဆန် စိတ်ဝင်စားဖွယ် အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတယ်။ ကိုးကား – (ရွှေပေါက်ဆိန်ဂျာနယ် အတွဲ(၃)၊ အမှတ်- ၄၆ တွင်ဖေါ်ပြပြီးဖြစ်ပါသည်)

Add a Comment

Your email address will not be published. Required fields are marked *