ယိုးဒယားကို ဝါးရင်းဒုတ်နဲ့ တက်သိမ်းခဲ့တာလို့ မြန်မာတွေ အထင်မှားနေတဲ့ နောက်ကွယ်က အဖြစ်မှန် (ရှေးခေတ်မြန်မာ့ တင်ကျည်းတပ်(သို့) ဝါးရင်းတုတ်တပ်)

ယိုးဒယားကို ဝါးရင်းဒုတ်နဲ့ တက်သိမ်းခဲ့တာလို့ မြန်မာတွေ အထင်မှားနေတဲ့ နောက်ကွယ်က အဖြစ်မှန် (ရှေးခေတ်မြန်မာ့ တင်ကျည်းတပ်(သို့) ဝါးရင်းတုတ်တပ်)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ မြန်မာတွေ တော်တော်များများ မှတ်ယူထားကြတာက ကုန်းဘောင် နန်းတည်အလောင်း မင်းတရား ဦးအောင်ဇေယျက အယုဒ္ဓယ (ယခုထိုင်း) ကိုဝါးရင်းတုတ်တပ်နဲ့ သိမ်းဖို့ကြိုးစားလာခဲ့တယ်။ နောက်ပြီး ဆင်ဖြူရှင် မင်းတရားကြီး လက်ထက်မှာလည်း ယိုးဒယားကို ဝါးရင်း တုတ်ကိုင်ပြီး တက်သိမ်းခဲ့တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေ့ရှိကြပါတယ်။

အမှန်တကယ်ကတော့ မြန်မာတွေက ယိုးဒယားကို ဝါးရင်းတုတ်ကိုင်ပြီး တက်သိမ်းခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ယိုးဒယားကို တက်သိမ်းခဲ့တဲ့ မြန်မာ့စစ်တပ် ထဲမှာတော့ တင်ကျည်းတပ်ဆိုတာပါခဲ့ပြီး အဲဒီတပ်ရဲ့ စွမ်းဆောင်မှုက ယိုးဒယား မြန်မာ စစ်ပွဲတွေထဲမှာ တော်တော်ကြီးကို ပြောစမှတ်တွင်လောက်အောင် တိုက်ခိုက်ရေးစွမ်းရည်မှာ ထွန်းပြောင်လာခဲ့ပါတယ်။

ယိုးဒယား-မြန်မာစစ်ပွဲတွေ အတွင်းမှာ မြန်မာတပ်ရဲ့ တင်ကျည်းကိုင် တပ်သားတွေဟာ ရှေ့တန်းကနေပြီး ရင်ဆိုင်တိုက်ပွဲတိုင်းမှာ ရွပ်ရွပ်ချွံချွံနဲ့ အစွမ်းပြ တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ မြန်မာတို့ရဲ့ အောင်ပွဲတိုင်းမှာ တင် ကျည်းတပ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ ယိုးဒယား-မြန်မာ့စစ်သမိုင်းမှာ အခိုင်အမာဖော်ပြလာခဲ့ပါတယ်။

အဲဒီတော့ တင်ကျည်းဆိုတာ ဘာလည်း နောက်ပြီး တင်ကျည်းတပ်ရဲ့ ဖွဲ့ စည်း ပုံ စတာတွေကို စာဖတ်သူတွေ သိရှိနိုင်ဖို့ ဗ ဟုသုတရစေဖို့ တင်ပြပေးချင်ပါတယ်။ တင် ကျည်းဆိုတာ အမှန်တော့ လက်တစ် ဖက်တည်းနဲ့ ကိုင်တွယ် အသုံးပြုလို့ရတဲ့ အလျားတိုတဲ့ ဝါးရင်းတုတ် လက်နက်မ ဟုတ်ပါဘူး။

ဒါပေမဲ့ ဝါးရင်းနဲ့ပြုလုပ်ထားတဲ့အတွက် သူ့ကို ဝါးရင်းတုတ်လို့ အလွယ် တကူ ခေါ်ဆိုကြတဲ့အတွက် တင် ကျည်းဆိုတဲ့ နာမည်ပျောက်ကာ ဝါးရင်း တုတ်လို့ အမည်တွင်သွားရခြင်းပဲ ဖြစ်ပါတယ်။ တင်ကျည်းဆိုတာ အမှန်တော့ ကျစ်လစ် မာကျောသော ဝါးအမျိုးအစားများဖြစ်ကြတဲ့ ဝါးရင်း ဝါးပိုးတွေကို မီးသင်းပြီး မာကျောအောင်ပြုလုပ်ထားတဲ့ တုတ်ရှည်ကို ခေါ်တာဖြစ်ပါတယ်။

တင်ကျည်းပြုလုပ်ပုံ အဆင့်ဆင့်ကတော့ တောထဲကနေ လတ်တလောခုတ်လာတဲ့ အနေတော်လက်တဆုပ် လုံးပတ်ရှိ ဝါးတွေကို အကိုင်းအခက်ရှင်းပြီး လုံးချော ဖြစ်အောင်လုပ်ရပါတယ်။ အရှည်ကိုတော့ အသုံးပြုမဲ့သူရဲ့ အရပ်အတိုင်းအထွာနဲ့ ယှဉ်ပြီးခုတ်ဖြတ်ရတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် တင်ကျည်းတွေက အသုံးပြုတဲ့သူရဲ့ အရပ် (ခြေဖြားကနေခေါင်းထိ) ကနေ နောက်ထပ် တစ်ထောင့်တစ်ထွာ ပိုရှည်ရတယ်လို့ သတ်မှတ်လာခဲ့ပါတယ်။

ပြီးနောက် နွားမဒါန်းရဲ့ကျင်ငယ်ရည်နဲ့ (၂) ရက်ကနေ သုံးရက်အထိ စိမ်ထားရတယ်လို့ဆိုပါတယ်။ (အတော်နံမှာပဲ)။ ဒါမှကွေးညွတ်နိုင်တဲ့ ဝါးကြောတွေ သေသွားတယ်လို့ ဆိုပါတယ်။ ထို့နောက် နေပြင်းပြင်းမှာ (၂) (၃) ရက် လှန်းပြီး အစိုဓာတ်ကို ဖယ်ထုတ်ရပါတယ်။ ထို့ နောက် မီးဖြင့်အကြောမာအောင်ပြပြပြီး ဖြောင့်စင်းလာအောင် ပေပေါ်တင်ပြီး တူဖြင့်ထုပေးရပါတယ်။ ဒီအဆင့်တွေပြီးသွားရင်တော့ မာကျောဖြောင့်စင်းနေတဲ့ တင်ကျည်း တုတ်အကြမ်းကို ရရှိပြီဖြစ်ပါတယ်။

လက်နက်အဖြစ် အသုံးပြုဖို့အတွက်တော့ တင်ကျည်းရဲ့ ထိပ်နှစ်ဖက်ကိုချွန်ပြီး မာ ကျောလာအောင် လုပ်ရပါတယ်။ ထို့ နောက် ထိပ်ပိုင်း အလယ်ပိုင်း လက်ကိုင်နေရာနဲ့ အောက်ပိုင်းတွေကို သေးသွယ်ကျစ်လစ်တဲ့ လျှော်ကြိုးများဖြင့် တင်းတင်းကျပ် ကျပ် စည်းနှောင်ရပါတယ်။

အဲဒီအဆင့်တွေပြီးသွားရင်တော့ လှံကဲ့သို့လည်း ထိုးနိုင်ပြီး တုတ်ရှည်ကဲ့သို့လည်း လှည့်ပတ်ကစားနိုင် ရိုက်နိုင်တဲ့တင်ကျည်းခေါ် ဝါးရင်းတုတ် လက်နက်ကို ရရှိပြီဖြစ်ပါတယ်။ အဲဒီ တင် ကျည်းလက်နက်က ဓါးနဲ့ပိုင်းဖြတ်လို့ မရအောင်ကို မာကျောလှတဲ့အပြင် သူ့ရဲ့ ဝါးစူးချွန်ဟာဆိုရင် ကျွဲသားရေချပ်တွေကိုတောင် ဖောက်နိုင်တယ် လို့ဆိုပါတယ်။ တင် ကျည်းနဲ့ ရိုက်နှက် ခံရရင်လည်း အတွင်းကျေပြီး ကိုယ်တွင်းဒဏ်ရာ ရရှိနိုင်တယ်လို့ဆိုပါတယ်။

ရှေးခေတ် တင်ကျည်းကိုင်တဲ့ သူရဲကောင်းတွေက မြန်မာ့စစ်တပ်မှာ ကြည်း တပ်အဖွဲ့ဝင် လက်ရွေးစင် စစ်သည်တော်တွေ ဖြစ်ကြပြီး သူတို့တွေဟာ လှံရေး (၃၇) ချင်းအပြင် ပွဲကျောင်း ဗန်တို တုတ်သိုင်းကိုပါ ကျွမ်းကျင် ပိုင်နိုင်ရပါတယ်။ တင် ကျည်းတပ်က ကြည်း တပ်ဖွဲ့စည်းမှုထဲမှာ တပ်စု တစ်ခု အနေနဲ့ပါဝင်ပြီး သေနတ်ဝန်ရဲ့ လက်အောက်မှာ အမိန့်နာခံရပါတယ်။

ကုန်းဘောင်ခေတ် စစ်တပ် ဖွဲ့စည်းပုံအရ တင်ကျည်းတပ်သား ဆယ်ယောက်ရဲ့ အထက်မှာ သွေးသောက်တစ်ယောက်ရှိပြီး သွေးသောက်ဆယ်ယောက်ရဲ့ အထက်မှာ အိုးစားကြီး ဆိုတဲ့ အကြပ်တစ်ယောက်ရှိပါတယ်။ အိုးစားကြီး ဆယ်ယောက်ရဲ့ အထက်မှာ ပျံချီဘွဲ့ရတပ်မှူး တစ်ယောက်က အုပ် ချုပ်ပြီး သေနတ်ဝန်ရဲ့ အမိန့်ကိုနာခံရပါတယ်။

အဲဒါကြောင့် တင်ကျည်းတပ်ကို လူတစ်ထောင်ပါဝင်တဲ့ လက်ရွေးစင် ကြည်း တပ်စုအဖြစ် ခန့်မှန်းတွက်ချက်နိုင်ပါတယ်။ တင်ကျည်းတပ်က ပုဂံခေတ်ကတည်းကဖွဲ့စည်းတည် ရှိခဲ့တဲ့ တပ်အနေနဲ့ သမိုင်းအထောက်အထား မတွေ့ရှိ ရပေမဲ့ ပုဂံခေတ် အရည်းကြီးများရဲ့ ပွဲကျောင်း တွေမှာတော့ တင်ကျည်းကိုင် ပညာရပ်တွေဖြစ်တဲ့ ဗန်တို/ရှည် တုတ်သိုင်းပညာကို သင် ကြားနေပြီဆိုတာ အခိုင်အမာ တွေ့ရှိနိုင်ပါတယ်။

တင် ကျည်းကိုင် သူရဲကောင်းတွေကို တပ်တစ်ခုအနေနဲ့ ဖွဲ့စည်း အသုံးချခဲ့တဲ့ အ ထောက် အထားကိုတော့ ကုန်းဘောင် ခေတ်ဦး အ လောင်းမင်းတရား ဦးအောင်ဇေယျ လက် ထက်ကြမှသာ တွေ့ရှိရတာ ဖြစ်ပါတယ်။

ကုန်းဘောင်ခေတ်တလျှာက်လုံး ဖြစ်ပွားခဲ့တဲ့ ယိုးဒယား-မြန်မာစစ်ပွဲတိုင်းမှာ တင်ကျည်းတပ်က ရှေ့တန်းကနေ ရွပ်ရွပ် ချွံချွံ တိုက်ပြီး အောင်ပွဲဆင်နိုင်ခဲ့တဲ့ အတွက် ယိုးဒယားလူမျိုးတွေကရော မြန်မာလူမျိုး တွေကပါ မြန်မာတွေဟာ အယုဒ္ဓယမြို့ကို ဝါးရင်း တုတ်နဲ့ တက်သိမ်းခဲ့တယ်လို့ ပြောစမှတ်ပြုခဲ့ကြရတာ့ဖြစ်ပါတယ်။

နှောင်းလူတွေ လက် ထက်အရောက်မှာတော့ မြန်မာတို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးနဲ့ မျိုးချစ်စိတ်ဓာတ်တွေ ထက်သန်လာအောင် စိတ်ဓာတ် မြင့်တင်တဲ့ အနေနဲ့ ယိုး ဒယားကို ဝါးရင်း တုတ်နဲ့ တက်သိမ်းခဲ့တာကွလို့ ကြွေးကြော်ပြီး တချိန်က မြန်မာ လူမျိုးတို့ရဲ့ သတ္တိနဲ့ စစ်ရေးစွမ်းရည်ကို နှောင်းလူတွေ လေးစား အားကျလာအောင် ပြောဆိုခဲ့ကြပါတယ်။

အဲဒါကြောင့်မို့လို့ ဒီဘက်ခေတ် လူငယ်တွေက ယိုးဒယားကိုတောင် ဝါးရင်းဒုတ်နဲ့ တက်သိမ်းခဲ့တာကွဆိုပြီး ဝါးရင်းဒုတ် စွမ်းရည်ပြောဆိုနေကြခြင်း ဖြစ်ကြောင်းရေးသားဖော်ပြလာခဲ့ရပါတယ်။ စစ်မာန်ဟုန် ကိုးကား မြန်မာ့စွယ်စုံကျမ်း မှန်နန်းရာဇဝင် ရာဇဘိသေကကျမ်း

Add a Comment

Your email address will not be published. Required fields are marked *